ငယ်တုန်းက နေခဲ့တဲ့ရပ်ကွက်ကအိမ်မှာ ကြည်လင်သန့်ရှင်းတဲ့ ရေတွင်းတစ်တွင်း ရှိပါတယ်။
အိမ်ရဲ့ ဘယ်ဖက်ခြမ်းမှာ လေးခန်းတွဲ လား..ငါးခန်းတွဲလား လို့မမှတ်မိတော့တဲ့..တန်းလျားတစ်ခု
ရှိပါတယ်...။အိမ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ ကုလားအိမ်တစ်အိမ်ရှိပါတယ်..။သူတို့ခြံဝင်း အကျယ်
ကြီး ပေမယ့်လို့ ရေတွင်း ခပ်သေးသေးတစ်တွင်း ရှိပါတယ်..။ သြော် မေ့လို့ ..စောစောကပြောတဲ့
တန်းလျားမှာလည်း ရေတွင်းတစ်တွင်း ရှိပါတယ် ။ အိမ်နဲ့ မျက်စောင်းထိုးမှာတော့ ၆ခန်းတွဲလောက်
ရှိတဲ့ တန်းလျားတစ်ခု ရှိပါသေးတယ်..။ အဲဒီတန်းလျားမှာလည်း ရေတွင်း တစ်တွင်းရှိပါတယ်..။
ပြောရမယ်ဆို လမ်းထဲက အိမ်တိုင်း တန်းလျားတိုင်းမှာ ရေတွင်းတစ်တွင်းတော့ ပိုင်ဆိုင်ကြပါတယ်..။
ကျနော်တို့ရဲ့ ရေတွင်းက ရေက အေးမြပြီးချိုနေတယ် တဲ့...။ အမေပြောတာပဲ...။အမေက သူရေတွင်းက
ရေ ချိုပြီးအေးမြနေတာကို အမြဲဂုဏ်ယူပြီးပြောလေ့ရှိတယ် ။ နွေဆိုလည်း ရေမခမ်းတတ်ဘူး။
ဆိုတော့ လမ်းထဲက အိမ်နီးနားချင်းတွေကသောက်ရေအတွက် အိမ်မှာ အမြဲလာခပ်ကြပါတယ်..။
သုံးရေအတွက် သူတို့ရေတွင်းက ရေကိုသုံးပေမယ့်သောက်ရေအတွက်တော့ အိမ်မှာပဲ ခပ်ကြတယ် ။
အိမ်က ရေတွင်းမှာ ရေစုပ်စက်တော့ မရှိပေမယ့် စက်သီးနဲ့ ရေဆွဲရတဲ့ ရေတွင်းမျိုး ဖြစ်တာကြောင့်
အလွတ်ကြိုးနဲ့ ရေငင်ရတာလောက်တော့ မပင်ပန်းကြဘူးပေါ့။
ကျနော်တို့ အိမ်ပြောင်းတော့ ပြောင်းတဲ့ အိမ်မှာတော့ ရေတွင်းမရှိပါဘူး။ အစိုးရရေပိုက်ပဲ
သွယ်ထားပါတယ်။ရေပိုက်က ရေအမြဲမလာပါဘူး ။ ခွဲတမ်းနဲ့ လာပါတယ်..။ ၁ ရက်ခြား
တစ်ခါ ဒါမှမဟုတ် ၂ ရက်ခြား တစ်ခါ။တခါတလေ ရက်တော်တော်ကြာ မလာပါဘူး ။ အဲဒီလို ရက်ဆက်မလာတဲ့နေ့တွေမှာ အဖေနဲ့ အကူကောင်လေးက အရှေ့ရပ်ကွက်က လမ်းဘေး
ရေပြွန်တိုင်မှာ တန်းစီရပါတယ် ။ဒါမှမဟုတ် ရေကားတွေ ဝယ်ယူပြီး သုံးရပါတယ်။
ကျနော်တို့လည်း နွေရောက်လို့ ရေရှားပြီဆိုရင် အိမ်နောက်ဖက်က ထောက်ပို့ပန်းခြံမှာ
ရေသွားချိုးကြရပါတယ်။(အမှန်ကတော့ နေ့လည်က သွားလိုက်တာ ညနေမှ အိမ်ပြန်ရောက်တယ်) ။ အိမ်နီးနားချင်းက ကလေးတွေနဲ့။ဒါမှမဟုတ် ရေတွင်းရှိတဲ့ ဆွေမျိုးမိတ်ဆွေတွေအိမ်မှာ ရေချိုးကြရပါတယ် ။ နောက်တော့ အိမ်ရှေ့မှာ ရေတွင်းတစ်တွင်း တူးဖြစ်သွားပါတယ်..။ တူးရတာလည်း အတော်လေး
နက်ပါတယ် ။ အတော် နက်နက် တူးထားရလို့ထင်တယ်ရေခမ်းတယ်ဆိုတာ မရှိသလောက်ပါပဲ ။
တစ်နေ့က ကျနော့ရဲ့ မတော်လိုက်ရတဲ့ အမျိုးမလေးတစ်ယောက်က ရေသုံးစရာရှိလား လို့ မေးလာပါတယ်။
အမှန်က ဟိုးတလောကတည်းက ကျနော့်ခပ်တိမ်တိမ်ရေတွင်းလေး ရေခမ်းခြောက်မှာ စိုးပြီး
ရေသုံးစရာ ရှိမရှိ သူက မေးမေးနေပါတယ် ။ အဲဒီအတွက် ကြည်နှူးရပါတယ် ။ ကျေးဇူးလည်းတင်ပါတယ်။
ကျနော်လည်း နောက်ရေတွင်းတစ်တွင်းတူးဖို့ ဟန်ပြင်နေတာ ကြာပါပြီ ။ အကယ်လို့ တူးဖြစ်ခဲ့ရင်တောင်
အခုရေတူးတွင်း အခု ရေကြည်သောက်ချင်လို့ ဘယ်ဖြစ်ပါ့မလဲ ...နော့..။
အမျိုးမလေး=အိတ်စ်ယောင်းစ်