ကပ်မယ် ဆိုပြီး ဒေါင်းတိ မောင်းတိ လုပ်ချပြီးမှ ဘာမှ အဆင်မပြေတော့
ဆရာတွေငှားရပါလေရော့..။
မိအေးနှစ်ခါကုန်ပေါ့.။
ကိုယ်ဖာသာကိုယ်ဆေးသုတ်မယ် ရည်ရွယ်ပြီး ( တကယ်လည်းသုတ်ပါတယ် မီးဖိုခန်းနဲ့
အိမ်သာကိုပေါ့) ဆေးသုတ်တံဝယ်ရ ..။ ဆေးသုတ်တံအရှည်တပ် ဝယ်ရ..။ ဆေးဝယ်ရ..။
အချိန်ကုန်ခံ သွားရွေးရ .။ ကြမ်းခင်းအတွက် ကိုယ်ဖာကိုယ်အလေးခံ သယ်ရနဲ့...အတော်
အလုပ်ရှုပ်သွားပါတယ်..။ တကယ်သုတ်ရတော့ သုတ်လိုက်တဲ့ဆေးပြင်တွေ မညီညာဘူး။
ဘယ်လိုမှ ကြည့်မကောင်းတာနဲ့ ဆရာထပ်ငှားရပါလေရော...။
ဆိုတော့ နှစ်ခါကုန်တာပေါ့..။
B&Qမှာဆေးရှာရ စုတ်တံ ရှာရ..ရေရောတဲ့ အချိုးအဆ စတဲ့သင်ခန်းစာရသွားပါတယ် ..လို့
မထင်ပါနဲ့လေ..။
နောက်တခါ ကိုယ်ကိုယ်တိုင် ဘယ်တော့မှ မလုပ်တော့ဘူးဆိုတဲ့ သင်ခန်းစာပါ..။
နောက်တစ်ခုက ရေစုတ်မော်တာပျက်တာနဲ့ ကြုံတယ်.။ မော်တာပျက်နေတာ ကိုယ်က
မသိဘူး ။ ရေမလာတော့ ရေရုံးကို ဖုန်းဆက်မေးရတယ်.။ ရေဖိုးပေးဖို့ ပျက်ကွက်နေသလားဆိုပြီး။
ရေဖိုးလဲ အကြွေးမရှိပါဘူးတဲ့..။ ဆိုတော့ ရေမီးတွေပြင်တဲ့ဆိုင် အိမ်နောက်ဖက်က လမ်းထဲမှာ ရှိတာ
သတိရပြီး ရေသမားကိုသွားခေါ်ပါတယ်..။ သူက လာကြည့်ပြီး မော်တာပျက်နေလို့လား မသိဘူး
ဆိုပြီး မှတ်ချက်ချပါတယ်.။ ပျက်နေရင် ပြင်ပေးလေ..ဒါမှ မဟုတ် အသစ်လဲပေး ဆိုတော့..သူ ဝလို့
ကုန်းကုန်း ကွကွ မလုပ်နိုင်ပါဘူးတဲ့.။ တခြားဆိုင်က ဆရာ သွားခေါ်ပြီးပြင်ခိုင်းပါတယ်..။ဟိ
(ရေမော်တာက နေရာသေးသေးလေးမှာ ကြပ်ကြပ်သပ်သပ်ထားထားလို့ပါ..)
နောက်တော့ အသစ်လဲလို့ အဆင်ပြေသွားပြန်တယ်..။
ပြဿနာတစ်ခု တိုးလာပြန်ပါပြီ..။ အိမ်က မိုးစိမ့်ဝင်နေတယ်..။ ဒီမှာနေလာတာ အတော်ကြာပြီ
ဒီလို မိုးရေစိမ့်တဲ့အိမ် ဒီတခါပဲ ကြုံဖူးသေးတယ်.။ အိမ်ရှင်ကို ဖုန်းဆက်ပြောရတယ်..။ အိမ်ရှင်က
နောက်ဆုံးပြင်ပေးသွားတဲ့ လက်သမားဆရာကို ပြန်ခေါ်ပြင်မယ်တဲ့။ ဒီလိုနဲ့ ..........၂လလောက်ရှိနေပြီ။
ခုထိ လာမပြင်ပေးသေးဘူး။ အိမ်ရှင်လဲ မျက်နှာပူလို့ အိမ်လခတောင် လာမယူရဲဘူး ။နောက်ဆုံး
ကိုယ်ကပဲ အထပ်ထပ်ဖုန်းဆက်လာယူခိုင်းတော့မှ အားနာနာနဲ့ လာယူတယ်။
နောက်သတင်းကောင်းတစ်ခုက ရေပူပေးစက်ပျက်သွားတယ်..။ ရေပူ လာလိုက် မလာလိုက်နဲ့။
ညည ရေချိုးရင် ရေနွေးအိုးတည်ပြီးချိုးရတယ်..။ ဒီအတွက်တော့ အိမ်ရှင်ကို ထပ်မပြောချင်တော့ဘူး။
ကိုယ်လဲ မျက်နှာပူတယ်..။
ဒီည လောလောလတ်လတ်အဖြစ်အပျက်ကလေးကတော့ တံခါးပျက်သွားပါတယ်။
အိမ်နီးချင်း အစ်ကိုကြီးတစ်ယောက်ကို အကူအညီတောင်းတော့ သူလဲ မပြင်နိုင်ပါ။
တံခါးပြင်တဲ့ ဆရာတစ်ယောက်ကို မနက်လာဖို့ ဖုန်းဆက်ထားရတယ်။
ဒီအတွက် အိမ်နီးချင်းအစ်ကိုကြီးက အကြံဥာဏ်ပေးတယ်..။ အိမ်ရှင်ကိုပြောပြပြီး
ပြင်ခိုင်းပါ တဲ့..။ ကျနော်က ရယ်ကျဲကျဲနဲ့ မပြောချင်တော့ဘူး.။ မျက်နှာပူတယ်လို့.။
ကဲ........
ဘယ်သူ့အပြစ်လဲ..။
အိမ် .......လား.။
ပြောင်းလာနေတဲ့ ကျနော်လား..။