5/21/2011

အာလူးမုန်ညှင်းချဉ် မဟုတ်ပါ။





ပထမဆုံး juneoneကို အားနာပါတယ်..။
မိုးတလုံး လေတလုံးပြောပြီး မချက်ဖြစ်တဲ့အတွက်..။
(ဒါကလဲ ကိုယ့်ရဲ့ အမူအကျင့်နဲ့ သက်ဆိုင်နေပါတယ်..
ပြောပြီးသားကိစ္စကို ပြီးမြှောက်အောင်ပြုလုပ်ဖို့ ဝန်လေးနေတတ်တာပါ..
ဒါ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး...)

ဒီနေ့ချက်စားဖြစ်တာလေးတွေပါ..။
ကြက်သားမှိုကြက်သွန်မြိတ်ချက်ပါမယ်.။

လက်ဆောင်ရထားတဲ့ကိုရီးယားမှိုခြောက်တစ်ထုတ်ကြီးရှိနေတာနဲ့ 
ဒီဟင်းချက်စားဖို့ အကြံရပါတယ်..။
မှို၁၀ပွင့် ။ကြက်သွန်မြိတ်ပုံပါတာထက် နောက်တစ်ဆလောက်။
ငရုတ်သီး၃တောင့်လောက်..။
မှိုခြောက်ကိုရေဆေးပြီး ရေနွေးနဲ့ စိမ်ထားပေးရပါတယ်။



ခုတ်ပြီးသား ကြက်တစ်ကောင်ကို ဆား ဂျင်း
ကြာညို့အငန် တို့နဲ့နယ်ထားပါမယ်။
(၃နာ၇ီလောက်)
ဖြစ်နိုင်ရင် တညအရင်ကတည်းက နယ်ထားပါ။
တရုတ်မဆလာ၁လုံးထုပြီးထည့်ထားပါ။



ဆီနဲနဲထည့်ပြီး ဆီပူလာရင် နယ်ထားတဲ့ ကြက်သားတွေ
ထည့်မွှေပါမယ်.။ ကြက်သားအပြင်သားတွေ ကျက်လာတဲ့အထိ
မွှေပေးနေရပါမယ်..။ဆက်တိုက်ဆိုသလို 
မှိုပွင့်ကို ခပ်စောင်းစောင်းလှီးပြီးထည့်နိုင်ပါပြီ။
၁၀မိနစ်လောက်မွှေပြီးချိန်မှာ ကြက်သွန်မြိတ်တွေ အပင်လိုက် ထည့်ရပါတယ်။
မီးသေးအောင်ပြောင်းပြီး အဖုံးဖုံးထားပေးပါ..။
(အခုချိန်ထိ ရေထည့်စရာမလိုပါ)
အစဉ်မပြတ် မွှေပေးနေပါ..။
အဆီပြန်လာတဲ့အခါ ရေနဲနဲထည့်ပြီး အဖုံးဖုံးထားပေးပါ။
သကြားထည့်လိုက ထည့်ချက်နိုင်ပါတယ်။




သခွားသီးသုတ်ပါတယ်..။
သခွားသီး..နံနံပင်..ခရမ်းချဉ်သီး နဲ့ ငရုတ်သီးစိမ်းတို့ လိုအပ်ပါမယ်။
အဆာအတွက်..
သံပုရာသီး ရှာလကာရည် ကြာညို့အငန် နဲ့ ဆားနဲနဲ
ထည့်သုတ်ပါတယ်..။
သိပ်ချဉ်တာ မစားနိုင်ရင် သကြားနဲနဲ ထည့်သုတ်ပါ။


သခွားသီးကို ဓါးပြားရိုက်ပြီး တဆစ်ချင်းပြန်လှီးထားပါတယ်။


 ဂျူးဖူးကြော်ပါတယ်..။
အမှန်က ဂျူးဖူးကြော်ရင် ငရုတ်သီးစိမ်းတတောင့်လောက်ပဲ
ထည့်ကြော်ပါတယ်.။
ဒီနေ့တော့ ရေခဲသေတ္တာထဲမှာ ဟိုနေ့က ကျန်တဲ့ ငရုတ်နီပွနဲနဲ
ကျန်နေတာနဲ့ ထည့်ရောလိုက်ပါတယ်။
ဆားနဲနဲနဲ့ ကြာညို့အငန်ထည့်ကြော်ပါတယ်။
ရေတစက်လောက်ထည့်ပြီး အဖုံးခဏဖုံးထားပေးပါ။
၃မိနစ်လောက်ဆို အဆင်ပြေပါပြီ။











ကြက်သားမှိုကြော်ပါ..။
အပေါ်က ကြက်သွန်မြိတ်က နောက်တိုးထပ်ထည့်ထားတာမို့
သိပ်မနွမ်းသေးပါဘူး။

အမေချက်တာလောက် စားမကောင်းဘူး ထင်ပါတယ်။
ဒါပေမဲ့ ချက်ထားသမျှ အကုန်နီးပါးကုန်သွားတယ်။
ခခထမင်းဘူးအတွက် နဲနဲသာကျန်ပါတော့တယ်။

14 comments:

  1. They all seem yummy and wish I could eat them all now.
    Mon Petit Avatar

    ReplyDelete
  2. အာလူး မုံ့ညှင်းချဉ်ပဲ ဖတ်ပြီး မဟုတ်ပါမဖတ်မိဘူး
    ဟိုနေ့ကတောင် ဂျူးဖူးကြော်စားဖြစ်တယ်

    ReplyDelete
  3. Mon Petit Avatar
    ပုံမှာ ရှိသလောက်အကုန်စားသွားပါ။
    အားမနာပါနဲ့လေ..။


    မဘေဘီကို ထိုင်ရယ်နေတယ်..။
    (ဟားတာမဟုတ်..တကယ်)
    ဂျူးဖူးကြိုက်တယ်..။
    မွေးရပ်မြေမှာလဲ ပေါတယ်.။

    ReplyDelete
  4. အားမနာပါနဲ့ ပေါက်။တို့မှာလဲ မုံ့ညှင်းချဉ်တွေ ကိုဘယ်လိုလုပ်စားရမလဲ စဉ်းစားနေတုန်း ပေါက် ပိုစ့်မှာသွားတွေ့တာနဲ့။ဟင်းဆိုတာ ကိုယ်စိတ်ကူးတဲ့တာ၊အဆင်ပြေတာချက်ရတာကိုး။ဂျူးဖူး မစားဖူးဘူး။

    ReplyDelete
  5. ပေါက် ချက်သလို လိုက်ချက်ကြည့်ဦးမယ်
    ချက်ပြီးရင် ပို့စ်တော့ မတင်ပါဘူး...:P

    ReplyDelete
  6. အားလုံး စိတ်ဝင်စားတယ်၊
    ဂျူးဖူးက အဲ့မှာ စိမ်းစိမ်းလေးနော်၊

    မွေးရပ်မြေက ဂျူးဖူးတွေက နည်းနည်း ၀ါရောင်သန်းတယ်၊
    ဒီမှာလည်း ရှိသလိုပဲ၊
    ကြော်ကြည့်လိုက်အုံးမယ်။

    အပြုံးပန်း

    ReplyDelete
  7. မစားနိုင် မသောက်နိုင်ဖြစ်နေတယ် အစာမကြေဘူး သခွားသီးသုပ်တော့ စားချင်တယ်

    ReplyDelete
  8. ဟင်းအကုန်လုံး စိတ်ဝင်စားစရာလေးတွေပေါက်ရေ... အမချက်စားနေကျဟင်းလေးတွေမဟုတ်တော့ စမ်းကြည့်ဦးမယ်...

    ReplyDelete
  9. ဂျူးဖူးကြော် ကြိုက်တယ်၊ ခဏခဏလည်း ကြော်စားဖြစ်တယ်၊ ဘယ်အချိန်စားစား လတ်ဆတ်ပြီး ရိုးသွားတယ်ကို မရှိဘူးဗျ...။

    ReplyDelete
  10. ခံတွင်းလိုက်နေတယ် ထင်တယ်။
    ချက်လိုက် စားလိုက်တာ၊
    တော်သေးတယ် ခခ ထမင်းဘူးအတွက် ကျန်သေးတယ်ဆိုလို့ :D၊
    MWA ...

    ReplyDelete
  11. ဂျူးဖူးဆိုတာ ဘာလဲ.. ဟင်းတွေ စားချင်စရာ..
    အိတ်စ်ယောင်းစ်

    ReplyDelete
  12. ဟင်းတွေအားလုံးကြိုက်တယ်

    စူးနွယ်လေး

    ReplyDelete
  13. ဂျူးဖူး က ဒီမှာ မရဘူး။
    စားချင်တယ်။
    မွှန်တွန်တွန် မွှေးတေးတေး အနံ့လေး သတိရမိတယ်။

    ReplyDelete
  14. ပြောဖို့မေ့သွားတယ်
    သခွါးသီးကို ဓါးပြားရိုက်တာ အဆန်းပဲနော်။
    လုပ်ကြည့်ဦးမယ်။

    ReplyDelete