ရောဂါ

ရာသီပြောင်းချိန်ရောက်ရင် လူက ချောင်းလေးဆိုးရလိုက်ရမှ..။
နှာလေးစေး လိုက်ရမှ..။ ဖြစ်လိုက်ရင်လည်း မပြီးတော့ဘူး ရက်တော်တော်ကြာကြာ..။
တစ်ညကလည်း ကြမ်းတိုက်ရာက နောက်တစ်နေ့မနက် နှာစေးတော့တယ်..။
ရေချိုးခန်းထဲမှာ ခြေဗလာနဲ့မို့ ဖြစ်မယ်..။
ငယ်တုန်းက အိမ်မှာ ကျန်းမာရေး မကောင်းဆုံးက ကျနော်ပဲဖြစ်မယ် ထင်ပါတယ်..။
ကလေးအရွယ် ၄..၅နှစ်အရွယ်မှာ ဒူးဆစ်စကိုက်ပါတယ်..။ လမ်းကြာကြာလျှောက်လို့ မရပါဘူး။
အိမ်နီးနားချင်းတွေနဲ့ အမေ့အသိမိတ်ဆွေတွေက မြေကိုင်တာလို့ မှတ်ချက်ချပါတယ်..။
မြေကိုင်ခံရရင် မြေစာကျွေးရမယ်ဆိုလို့ အိမ်နောက်ဖေးမှာ ထမင်း ခုနှစ်ဆုပ် ။အမဲသား
ခုနှစ်တုံး..။ နောက် ဘာတွေပါသေးလဲ မသိတော့ဘူး ။ တကယ်မေ့ပြီ ။ မြေစာတွေ
ခဏ ခဏကျွေးခဲ့ပေမယ်လည်း ခြေထောက်ကိုက်တာ မသက်သာပါဘူး..။
နောက်တော့ မြို့နားက မြန်မာဆေးဆရာဆီမှာ သွားကုရပါတယ်..။ မစားရ ဆိုတဲ့
အစားတွေ ခပ်များများပါပဲ..။ မှတ်မိသလောက်ဆိုရင် ကြက်သား မျှစ် ပဲ ပဲပင်ပေါက်
မုန်လာထုတ် စတာတွေ အဓိက ထင်ပါတယ်..။ ဒူးခေါင်းမှာ စုတ်ထိုးတာ ခံရသေးတယ်..။
နာသလား မနာဘူးလားဆိုတာတောင် မမှတ်မိတော့ပါဘူး..။ အစားတွေ ရှောင်ခိုင်းတာပဲ
မှတ်မိပါတော့တယ်..။ဟီးး..နောက်တော့ တဖြည်းဖြည်းနဲ့ အသက်ကြီးလာတာနဲ့ အမျှ
ဒီရောဂါ သိပ်မဖြစ်တော့ပါဘူး ...ဆိုပေမယ့် တခါက ဘန်ကောက်သွားတုန်းက အပူချိန်
၃၅ကျော်ရှိတာ..အဲ့ဒီရောဂါထတော့ အဲကွန်းရော ပန်ကာရော ဖွင့်တာ မခံနိုင်ဘူး။
(အခုထက်ထိ အဲ့ဒိရောဂါက တခါတရံ ဒုက္ခပေးနေတုန်းပါပဲ..။ ဘောင်းဘီတို
စကတ်တိုဝတ်ထားတဲ့နေ့ မိုးရွာခါနီးရင် ဒူးဆစ်ကိုက်တတ်ပါတယ်..။တခါတလေ
တံတောင်ဆစ်ပါ အဆစ်ကိုက်လိုက်သေးတယ်..ဟင်းရွက်ဝယ်တာ အဆစ်တောင်းတတ်ပေမယ့်
ဒီအဆစ်မျိုးတော့ မလိုချင်ပါဘူး)
ဟော အခုတောင် ခခက သိပ်ပူတယ် အပူချိန်လျှော့ပေးပါလို့ အိပ်ချင်မူးတူးနဲ့ တောင်းဆိုနေပါတယ်။

၃...၄တန်းလောက်မှာ တိုက်ဖွိုက်ဖြစ်ဖူးတယ်..။ အတော်နေမကောင်းလို့ ထင်တယ်..
ဆေးခန်းတောင် အမေက ကုန်းပိုး ပို့ရတယ်..။ အိမ်နားလေးက ပါ..။
တစ်လလောက် အဖတ်မစားရဘူး ။ ဆန်ပြုပ်ပဲ သောက်ရတယ်..။ သိပ်ငတ်တာပဲ..။
အဲဒီအချိန်မှာ အမေ့သား အငယ်ကောင်က သူစားတဲ့ ထမင်းတွေ ခေါက်ဆွဲတွေကို ခိုးကျွေးတယ်..။
သူခိုးကျွေးတဲ့ ပုံစံကို အခုထိ မှတ်မိနေသေးတယ်..။
နောက် ၅တန်းလား..၆တန်းရောက်တော့ ..အသားဝါဆိုတဲ့ ရောဂါ ဖြစ်ပြန်ရော..။
အဲဒီအချိန်လဲ အစားတွေ ရှောင်ရပြန်တယ်..။ ဆီတွေပါတဲ့ အစာ မစားရဘူး...။
ဆရာဝန်နဲ့ ကုတယ်..။ မပျောက်နိုင်သေး...။ အမေ့မိတ်ဆွေတစ်ယောက်က အကြံပေးတယ်..။
အိမ်နောက်ဖက်ရပ်ကွက်ထဲက ကားဝပ်ရှော့ဆိုင်က ဂေါ်ရခါးအဖိုးကြီး မန်းတတ်တယ် ဆိုပြီး။
မနက် ၈နာရီခွဲသူ့ဆီအရောက် မုန်ညှင်းဆီပုလင်းလေးယူ သွားရပါတယ်..။ နောက်ဘာပါသေးလဲ။
မေ့ပြီ ။ သူ့ဆီရောက်ရင် ကျနော်ယူသွားတဲ့ မုန်ညှင်းဆီကို သူ့ရဲ့ ကြေးဗန်းထဲမှာထည့်ပြီး လက်နှစ်ဖက်နဲ့
ကိုင်ထား..ပြီး..ဂါထာတွေရွတ်ပြီးကျနော်မျက်နှာကို မှုတ်ထုတ်ပေးပါတယ်..။
အဲဒီလိုနေ့စဉ်ရက်ဆက် ၁ပတ် ၁၀ရက်လောက်ကြာအောင် သွားရပါတယ်..။
နောက်ဆုံးတော့ ပျောက်သွားတယ်..။ ကိုယ်ကပဲ အစားရှောင်လို့လား ။
သူမန်းတာပဲ ထိရောက်လို့လား ဆိုတာ အခုထိ သေသေချာချာ မသိသေးပါ ။
လွန်ခဲ့တဲ့ ၃...၄ နှစ်လောက်က အစာအိမ်နာဖူးပါတယ်..။ ဆေးရုံသွား မှန်ပြောင်းနဲ့ ကြည့်ရတော့
အစာအိမ်အပေါက်ဖြစ်ချင်နေပြီ တဲ့.။ (ရောဂါအမည်ရှိတယ်..ပျင်းလို့ မရှာချင်တော့)
ဆေး၃လသောက်ရတယ်..။ အစပ် အချဉ် အချို ကော်ဖီ ရှောင်ရတယ်..။
၃လတောင်..။ အစပ် အချဉ် အချို ရှောင်နိုင်တယ် ။ ကော်ဖီကို နှစ်ပတ်ကျော်တော့ သောက်တယ်။
နွားနို့နဲ့..။အမှန်က နှစ်တိုင်းစစ်သင့်တယ် တဲ့..။ ပျင်းလို့ မသွားတော့ပါ..။ ပိုက်မြိုရတာ မကြိုက်လို့လဲပါပါတယ်။
ဒါပါပဲလေ..။
ဘာရယ်မဟုတ်ဘူး.. ဟိုတပတ်က နှာစေးတာ ခုထိမပျောက်နိုင်သေးတော့ စိတ်ပေါက်ပေါက်နဲ့
ရေးလိုက်တာပါ..။
ပြီးခဲ့တဲ့ ဆန်းဒေးက သူငယ်ချင်းအိမ်သွားတော့ ငှက်ပျောအုန်းနို့ပေါင်းတွေ ကျောက်ကျောတွေ
တဝကြီးစားပြီးတော့ ရင်တွေကြပ် နှာစေးပြီး စကားတောင် မပြောနိုင်တော့ ။

မှတ်ချက် ။ ။ ရောဂါသာ စုံတာ ။လူကတော့ ဝလို့ ဖြီးလို့..။ဟားဟား

9 comments:

အသက်မထွက်တာကံကောင်း။
အမည်မသိ
kom

အသားဝါဖြစ်တာ ဆီမန်းနဲ့ မှုတ်ရုံမို့ တော်သေးတာပေါ့။ မသောက်ခိုင်းတာ။

မယ်ချုချာပါလား....


Pifpif

တရှောင်ရှောင် နဲ့ ၀ လာတယ် ဆိုတာ ဒါမျိုး ထင်တယ်။

အဆစ်ကိုက်တာ Uric acid များတာထင်တယ်ပေါက်... ဂေါက်(Gout) ရောဂါလေ..
မသီတာတို့လည်း မျိုးနဲ့ရိုးနဲ့ အဲ့ဒီရောဂါရှိတယ်
ဟိုတလောက ပဲပင်ပေါက် စားမိတာ ထိုင်မရ ထမရ လှဲမရ ခံလိုက်ရသေးတယ်...၅ရက်လောက်။
သူများလည်း ၅တန်းမှာ အသားဝါ ဖြစ်တာ...
မူလတန်းကျောင်းက လေးတန်းအောင်လို့
အထက်တန်းကျောင်းမှာ ကျောင်းအပ်ထားပြီး ကျောင်းမတက်နိုင်ဘူး... တလလောက်။
အဲယားကွန်းနဲ့လည်း မတည့်ပါ...
အုန်းနို့ကတော့ မတည့်တာ ကြာပါပြီ


(ကော်မန့် ရှည်လို့ မဆူနဲ့...ပေါက်နဲ့ အဲ့လိုလေးတွေ ပြောလိုက်ရမှ စားဝင် အိပ်ပျော်တယ်အေ)

ပိုစ့်အစလေး ရာသီပြောင်းချိန်ဆိုတာနဲ့ ..
စိုင်းထီးဆိုင်သီချင်းနားထဲရောက်လာတယ်၊ သီချင်းအကြောင်းများလို့၊ တကယ်ရောဂါ အကြောင်းရေးတာကိုး၊
ဆင် ခြင် ပါ .. အစားအသောက် .. အနေအထိုင် :)

ငါးတန်းတုန်းက အသားဝါဖြစ်ဖူးတယ်၊ တူကုန်ပြီ၊
အသားတွေဝါပြီး မျက်နှာကြီးဖောင်းလာတယ်လေ၊

ဟယ်.. မီးလဲ အသားဝါဖြစ်ဖူးတယ်..(အတင်းပဲ)
ဘောင်းဘီတို စကပ်တိုဝတ်ပြီး လမ်းများများလျှောက်မိရင် ခြေထောက်ကိုက်တာလည်း တူတယ်.. (Gout တော့မဟုတ်)
ကျန်းမာရေး ဂရုစိုက်ပါ မကြီးပေါက်.. ကိုယ်တိုင်ဂရုမစိုက်နိုင်ရင် ချမ်းချမ်းလေးကို ဂရုစိုက်ခိုင်းပါ =)

ချမ်းချမ်းလေးကိုစိုက်ခိုင်းပါ....... :D