ထဘီဖာ လိုပါသေးရဲ့ ။တဘက်ဖာလိုပါသေးရဲ့။ဘီးနှင့်မှန် လိုပါသေးရဲ့(၂)

ထဘီဖာ လိုပါသေးရဲ့
တဘက်ဖာ လိုပါသေးရဲ့
ဘီးနှင့်မှန် လိုပါသေးရဲ့

နေ၀င်းမြင့်
(ဆယ့်နှစ်ကြိုး ၀တ္ထုတိုများ
၁၉၉၂ အမျိုးသားစာပေဆုရ)


မကျင်လှဆုံးပြီးလို့ လေးနှစ်လောက်ကြာတော့ ကိုတက်ရိုး မိန်းမထပ်ယူတယ်။။ သက်ကယ်တန်းကပါပဲ။။
ဆွေကြီးမျိုးကြီးထဲကပါ။။ မငြိမ်းတဲ့ ။။ မငြိမ်းက အပျိုစစ်စစ်တော့ မဟုတ်ဘူး။။ မုဆိုးမ။ သူ့အရင်ယောင်္ကျား
က အပေါင်ဆိုင် ဖွင့်ထားတဲ့ တရုတ် ကိုကျင်မှိန် ။ ရွှေလေး ငွေလေးနဲ့ ချမ်းချမ်းသာသာပါပဲ ။။ ကိုကျင်မှိန်
နဲ့ ကလေးမရဘူး။။ အပေါင်ဆိုင်တရုတ်ဆုံးတော့ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေတုန်း သူကြီးကိုတက်ရိုး
က ကောက်ယူလိုက်တာ။ အပေါင်ဆိုင် တရုတ်နဲ့ ကလေးမမွေးတဲ့ မငြိမ်းက သူကြီးကိုတက်ရိုးနဲ့ကျတော့ မွေးလိုက်
တာမှ ရှင်မွေးလွန်းဖြစ်ရော။ ။ ဆယ့်တစ်ယောက်တောင် (ဒါတောင်မှ ကြားထဲမှာ နှစ်ယောက်ပျက်ကျသေးတယ်)
ကိုတက်ရိုးရဲ့ အရင်မယားကရတဲ့ သားသမီးတွေနဲ့က အဆင်မပြေတော့ ၀ိုင်းထဲမှာ အိမ်သပ်သပ် ဆောက်ပြီးထားတယ်။။

အရင်မယားက သားသမီးတွေနဲ့ မငြိမ်းနဲ့သာ အဆင်မပြေတာ။ ကလေးတွေချင်းကျတော့ အဆင်ကိုပြေလို့ ချစ်ကြ
တယ်။။ ကိုတက်ရိုးကလည်း မငြိမ်းမို့ မျက်နှာသာမပေးဘူး ။အရင် သားသမီးတွေမို့လို့လည်း ဦးစားမပေးဘူး။
မျှမျှတတပဲ။။

ခြံဝိုင်းကြီးထဲ စပါးကျီ ။ပဲကျီ ကြီးကြီးဆောက်ပြီး ရလာတဲ့ စပါး ။ပဲ ။ နှမ်းလှောင်ထားတာပဲ ။။ မျိုးချန်စရာရှိတာ ချန်။
ရောင်းစရာရှိတာ ရောင်း။ စားဖို့ သိမ်းတာသိမ်းနဲ့ ရသမျှ တစ်စုတစ်စည်းတည်း ထားတာပါပဲ။။

ကိုတက်ရိုး အသက်ခြောက်ဆယ် တော်တော်ကျော်လာတော့ သူကြီးအလုပ် စိတ်ကုန်လာတယ်။။ အသက်ကလည်း
ရလာပြီ။ လယ်တွေ ချောင်းတွေကလည်း ရှိသေးတယ်။။ ရွာကိစ္စတိုင်းကို ထစ်ခနဲဆို သူမသွားနိုင်တာလည်းပါတယ်။
ဆိုင်ရာဆိုင်ရာနဲ့ ညှိနှိုင်းပေးကမ်းပြီး သူ့သားငမှင်ကို သူကြီးရာထူးအပ်ပြီး သူက နားတယ်။။ သျှောင်တစောင်းနဲ့ သူကြီး
ကိုတက်ရိုးနေရာမှာ ဘိုကေနောက်မြင့်နဲ့ သူကြီး ဦးမှင်ပြောင်းတာကလွှဲရင် သက်ကယ်တန်းရွာက သူကြီးအပြောင်း
အလဲကို သိတောင်မသိလိုက်ကြဘူး။။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ရွာကလေးမှာ သူကြီးအပြောင်းအလဲကို သိပ်ဂရုစိုက်
နေကြတာလည်း မဟုတ်ဘူး။။


တစ်နေ့ ငမှင်သူကြီးဖြစ်မယ်ဆိုတာ ကြိုသိနေကြတော့လည်း အသွားမပျက် ။အစားမပျက်ပါပဲ ။။ ကိုမှင် သူကြီး
ဖြစ်လို့မှ မကြာသေးဘူး။ သူ့အဖေ သူကြီးဟောင်း ကိုတက်ရိုးရဲ့ နောက်မယား မငြိမ်းသေပြန်ရော။။ မငြိမ်းသေတော့
သူကြီးဟောင်း ကိုတက်ရိုးကခုနှစ်ဆယ်ကို သုံးနှစ်စွန်းနေပြီ ။။ လယ်လေး ကိုင်းလေးလည်း ကွပ်ကဲရသေးတယ်။။
ရပ်မှု ရွာမှုကလည်း တစ်ဖက် ။ ညီအစ်ကို မောင်နှမတွေအရေးက တစ်ဖက်နဲ့ ဂျင်ခြေကိုလည်လို့ ။။


ညီအစ်ကိုမောင်နှမတွေကို အိမ်စောင့်ချသင့်သူချ။။ ကျောင်းထားဖို့ မြို့ကို ပို့သင့်သူပို့ ။။ လယ်ထဲကိုင်းထဲ ဆင်း
ခိုင်းသင့်တဲ့သူကို ဆင်းခိုင်း လုပ်နေတုန်းမှာပဲ သူကြီးဟောင်း ကိုတက်ရိုးက ပုတီးကလေး လည်ပင်းဆွဲပြီး ဘုန်းကြီးကျောင်း
သွားသွားနေတာ နေ့တိုင်း ။။ ဘုန်းကြီးကျောင်းသွားတဲ့လမ်းမှာ ရီးပေါက်စတို့ သက်ကယ်ပျစ်တဲ့ တဲကြီးရှိတယ်။။
ဟိုရွာသည်ရွာက မိန်းကလေး တော်တော်များများလည်း ရီးပေါက်စတို့ အိမ်မှာနေရင်း သက်ကယ်ပျစ်ကြတယ်။။
အဲဒီအထဲမှာ ဖလံကျင်းက မမြသင် လည်း ပါတယ်။။ အိမ်ရှေ့ ဖြတ်ဖြတ်သွားတဲ့ သူကြီးဟောင်း ကိုတက်ရိုးကို
ရီးပေါက်စက ` `အိမ်များလဲ ၀င်ပါဦး သူကြီါ်ရဲ့ ။ ၀င်ကောင်းပါတယ် ´´ ဘာညာဆိုတော့ သူကြီးလည်း ၀င်ဖြစ်ရော။။
ဝင်ရင်း ၀င်ရင်းကပဲ သူကြီးဟောင်း ကိုတက်ရိုး မိန်းမလိုချင်လာရော ။။ ဒါကို ရီးပေါက်စက သိတယ် ။။ ရီးပေါက်စက
ဒါတင်ကို သိတာမဟုတ်ဘူး။။ သူကြီးဟောင်းရဲ့ လယ်တွေ ချောင်းတွေကိုလည်း သိတယ်။။ အရင်မယားတွေက
ကျန်ရစ်တဲ့ ကြံဆစ်လက်ကောက်တွေ ပန်းတစ်လိမ် နန်းတစ်လိမ် ဘယက်တွေ ။ အမ်စီကြိုးတွေကိုလည်း သိတယ်။။
သေတ္တာနဲ့ နှစ်လုံးလောက် ကျန်ရစ်တဲ့ ထဘီတွေ အ၀တ်အစားတွေကိုလည်း သိတော့ မမြသင်ကလေးနဲ့
အောင်သွယ်တယ် ။။ အောင်သွယ်ခလေးစားလိုက် နားလေးချလိုက်နဲ့ နှစ်နှစ်လောက်ကြာတော့ မင်္ဂလာဆောင်
ဖို့ ရက်သတ်မှတ် တဲ့အထိ ဖြစ်လာတယ်။။ ပထမတော့ မမြသင်က ငြင်းတယ် ။။ ခုနှစ်အိုကျား ရှစ်အိုကျားကြီး
မယူချင်ပေါင်တဲ့ ။။


နောက်တော့ ရီးပေါက်စလည်း အပို့ကောင်း ။မမြသင်မိဘများကလည်း သည်သတင်းကြားတော့ တွန်း။ ကြာတော့
မမြသင် အင်း လိုက်ရတယ်ဆိုပါတော့ ။။


အဲဒီမှာတင် သူကြီးဟောင်း ကိုတက်ရိုးနဲ့ ဖလံကျင်းသူ မမြသင် မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်း ထွက်လာလိုက်
တာ ပဒူအုံ တုတ်နဲ့ထိုးလိုက်သလိုပဲ။။


( ၃ )



မင်္ဂလာဆောင်မယ့် အကြိုညက မဏ္ဍပ်ထဲမှာ အောက်လင်းဓာတ်မီးတွေဆိုတာ ထိန်လို့ ။။ မကွေးကို
တက်ငှားတာ ဓာတ်မီးဖိုးကချည်း တစ်ရာလောက်ကျတယ်။။ ချက်တဲ့လူက ချက် ပြုပ်တဲ့လူက ပြုပ်ပေါ့။။
သူကြီးကိုမှင် မျက်နှာနဲ့ ဟိုရွာသည်ရွာက လာပို့တဲ့ ၀က်တို့ ကြက်တို့ဆိုတာ ဖောချင်းပဲ ။။ အရက်ဆိုတာကတော့
မပြောနဲ့တော့ ပလပ်စတစ်ပုံးကြီးတွေနဲ့ တည်ထားတာ ။ သောက်စမ်း ကြိုက်သလောက်။။


ရွာက တီးဝိုင်းကလည်း ရသမျှသီချင်းတွေနဲ့ ဧည့်ခံလို့ ။။ သူကြီးဟောင်း ကိုတက်ရိုးကတော့ တစ်ခါမှ
ထုတ်မပေါင်းဖူးတဲ့ ပန်းနုသွေး မင်္ဂလာရောင်ခေါင်းပေါင်း နှစ်ပတ်ကျော့လေးနဲ့ တကယ့် ကာလသားလေး
ကျနေတော့တာ ။။ လည်ကတုံးအင်္ကျီလျှာဖတ်လတ်မှာ ရွှေသီးဆိုတာ တစ်လုံးတစ်လုံးကို မှည်ကျည်းစေ့
လောက်ရှိတယ် ။။ တစ်ချက်မှလည်း ဣနြေ္ဒမရဘူး ။။ ရပ်မိရပ်ဖတွေထိုင်တဲ့ လူကြီးဝိုင်းပဲ ၀င်ထိုင်ရတော့
မလိုလို ။ ကာလသား တီးဝိုင်းထဲဝင်ပြီး မေတ္တာသတ္တော အနန္တော မြတ်ရှင်စော ဟောကြားကာရယ်ပဲ ဟဲရတော့
မလိုလိုနဲ့ ။။

သူကြီး ကိုမှင်ကတော့ ဖအေသတို့သားကို ကြည့်ရင်းက ပြုံးပြုံးကြီး ။။ မငြိမ်းနဲ့ရတဲ့ကလေးတွေကလည်း
သူတို့အဖေ အိုကြီးအိုမကို ကြည့်ပြီး ရှက်တဲ့လူကရှက်လို့ ။ မူးတဲ့သူက မူးလို့ ။။ ပျော်တဲ့လူက ပျော်လို့ ။။
မမြသင်ကိုတော့ မတွေ့ရဘူး ။ရှက်လို့ပဲလား ညွတ်နေအောင်ဆင်ထားတဲ့ ရွှေတွေနဲ့ မနေတတ် မထိုင်တတ်
လို့လား မသိဘူး ။။ မ္ဌပ်ထဲကို တစ်ခါမှ မလာဘူး။။ တချို့ကလည်း ရီးပေါက်စတို့အိမ်မှာ ငိုနေလိုက်တာ ရှိုက်ကြီး
ငင်ကြီးတဲ့ ။။ တချို့ကလည်း မဟုတ်ပါဘူးတဲ့ ။။ သင်းကြူကြူပေါင်ဒါလေးလိမ်းလိုက် ။သီချင်းလေး ညည်းလိုက်
နဲ့ပါတဲ့ ။။


ခက်တာက မမြသင်ရဲ့ အဖေနဲ့အမေပဲ။။ သူကြီးဟောင်းရဲ့ ယောက္ခမသာ ပြောရတယ်။။ သမက်က သူတို့ထက်
ကြီးနေတော့ သားပဲခေါ်ရမှာလား ။သူကြီးလို့ လွယ်လွယ်ခေါ်ရမှာလား မဝေခွဲတတ်ဘူး ဖြစ်နေတယ်။။ ကိုတက်ရိုး
ကလည်း ယောက္ခမတွေကို ခေါ်ရင် ဒီမယ်တဲ့ ။။

နောက်တစ်နေ့ မိုးလင်းလို့ ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်းအုပ်ပို့ပြီးတာနဲ့ရွာက ရွာမိရွာဖတွေ ထမင်းကျွေးဖို့
စီစဉ်တယ်။။ ထမင်းမကျွေးခင် ဟိုဘက်ဒီဘက် ဆွေမျိုးမိဘတွေ ။လူကြီးသူမတွေ ခေါင်းရင်းဘက် တန်းစီထိုင်ပြီး
သတို့သမီး ။ သတို့သား မင်္ဂလာစကားပြောမယ်လုပ်တော့ မမြသင်နဲ့ ကိုတက်ရိုးက ပီဘိကျုံ့ကျုံ့ကလေးထိုင်လို့။
မမြသင်ကတော့ စံပယ်ပွင့်တွေ ဝေနေအောင်ပန်ထားတယ်။။ မျက်နှာကလည်း ပန်းသွေးထနေလိုက်တာ ရဲလို့။
ခေင်းကလည်း ငုံ့ထားလိုက်တာ ဇက်ကျိုးတာကမှ လှုပ်လိမ့်ဦးမယ်။။ မိန်းမသုံးယောက်နဲ့ မင်္ဂလာဆောင်ဖူးသွားပြီ
ဖြစ်တဲ့ ကိုတက်ရိုးကတော့ ရှိုးတိုးရှန့်တန့်တော့ မဖြစ်ဘူး။ ဒါပေမယ့် ရှက်တော့လည်း ရှက်တာပါပဲ။။
သူ့သဘောအတိုင်းဆို မင်္ဂလာဆောင်ဖို့ စိတ်မကူးဘူး ။သည်အတိုင်း ပေါင်းလိုက်ရုံတွက်ထားတာ။။ ဒါပေမယ့်
မမြသင်ဘက်က လက်မခံဘူး။။ သူ့သမီးအပျိုနုနုထွတ်ထွတ်ကို မင်္ဂလာဆောင်ယူရမယ်ဆိုလို့သာကိုး။။


မမြသင်ရဲ့ မိဘနှစ်ပါးနဲ့ ရပ်မိရပ်ဖတွေ သူ့သား သူကြီး ကိုမှင်တို့ ခေါင်းရင်းခန်းနေရာ ၀င်ယူတော့
လာသမျှဧည့်သည်တွေကလည်း အထူးအဆန်းဖြစ်လို့ ။ ငြိမ်လို့ ။ ပြုံးလို့ ။ဒါပေမယ့် မင်္ဂလာစကားကို
ဘယ်သူက စပြောမယ်ဆိုတာ ညှိမထားတော့ တိတ်ဆိတ်နေလိုက်တာ အကြာကြီး ။။တစ်အောင့်နေတော့မှ
ရွာက စက်ပိုင်ဦးဘရှင်က....
``မောင်မှင် မင်းက ရွာမှာသူကြီးပဲ။မင်းက စပြောကွာ´`တဲ့

ကိုမှင်က ဘယ်လိုမှ မျှော်လင့်ထားတာမဟုတ်ဘူး။။သူစကားပြောရမယ်လို့လည်း မထင်ထားဘူး။။
ပြောလည်းမပြောသင့်ဘူးလို့ တွက်ထားတာကိုး။ဒါကြောင့် ဦးဘရှင်က ပြောခိုင်းတော့ တွန့်သွားတယ်။။

``ဟာ...မဟုတ်တာ။ဘကြီးရှင်ပဲ ပြောပါဗျာ´´

´´အေးပါ တို့လဲပြောမှာပါ ။ဟိုဘက်ဒီဘက်မိဘများကလဲ ပြောရမှာလေ ။။မင်းက
အဖေဘက်က လူကြီးတစ်ယောက်အနေနဲ့ရော ရွာက သူကြီးအနေနဲ့ပါ မင်းစပြောမှ တင့်တယ်မှာပေါ့´´

အဲဒီတော့ ရွာကလူတွေကလည်း စိတ်ဝင်စားလာကြတယ်။။ ကိုမှင်ကတော့ ချွေးတွေသံတွေတောင်
ထွက်လာတယ်လို့ထင်တယ်။ သူ့ရှေ့က ဖလားစုံ ကွမ်းအစ်ကြီးထဲက ကွမ်းသီးတစ်ဖတ် ကောက်ဝါးထည့်
ပြီး အကြောကြီးနေတော့မှ.......

` အဟမ်း.........´

ချောင်းမဟန့်ချင်ဘဲ ဟန့်တော့ လူတွေက တဝေါဝေါ စကားပြောနေကြတာ ငြိမ်သွားတယ်။။

`အဖေနဲ့ အဲ......အဖေနဲ့ပေါ့လေ မမြသင်နဲ့ ` ကိုမှင်က ဆက်ပြောလို့ မရသလို ရပ်သွားတယ်။။
ကွမ်းသီးတစ်ဖတ် ထပ်နှိုက်တယ်။။ ၀ါးတယ်။ မဆီမဆိုင် ရေနွေးကြမ်းတစ်ပန်းကန်ငှဲ့တယ်။။

` အဖေနဲ့ မမြသင် ဘာသာဘာဝ ထိမ်းမြားကြလို့ မင်္ဂလာစကားပြောပါဆိုတော့ ကျွန်တော်တို့
ဗုဒ္ဓဘာသာမှာရှိတယ်....ပုဆိုးတန်းတင် အကြင်လင်မယားတဲ့...အဟမ်း....အရွှေခုနှစ်အိမ် အနောက်ခုနှစ်အိမ်
သိကြလို့ မြန်မာထုံးစံ ကန်တော့ပွဲနှင့် ကွမ်းဆေး လက်ဖက်နဲ့ ဧည့်ခံလို့ လင်မယားအရာ
မြောက်ပြီဆိုတာနဲ့......

ကိုမှင်က ငှဲ့ထားတဲ့ ရေနွေးကြမ်းပန်းကန်ကို ယူပြီး ရွှက်ခနဲ သောက်တယ် ။။သူကြီးဟောင်း ကိုတက်ရိုး
ကတော့ သူ့သား ကိုမှင်ကို မျက်ထောက်နီကြီးနဲ့ ကြည့်နေတယ်။။ လူတွေက ရယ်ချင်ပေမယ့် မရယ်ဘဲ
တင်းထားတဲ့ရုပ်တွေနဲ့။။ ကိုမှင်ကလည်း သူ့စကား အမြီးအမောက် မတည့်တာ သူ့ဟာသူ သိတယ်။။
ဘာဆက်ပြောရမှန်းလည်း မသိဘူး ခဏနေတော့မှ

`အဲဒီတော့ကာ မမြသင်ကလဲ မယားဝတ္တရား ငါးပါးနဲ့တူတယ်....အဲဒါရှိတယ်။
အဖေကလဲ လင့်ဝတ္တရား ငါးပါးနဲ့အညီ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့နော်ဗျာ။
ရသမျှ ဥစ္စာလဲ တူအမျှ ။ရသမျှ ကုသိုလ်လဲ တူအမျှဆိုသလို အဲ........ဆိုသလို မမြသင်ကလဲ ကိုယ့်လင်သား
ကို လင်သားလို အစ်ကိုလို.....အဖေလို ဆက်ဆံရမယ် ။အဖေကလဲ ဒီလိုပဲနော် ။အဖေကလဲ ခါတိုင်းလို မိုက်နဲ့တော့´


သူကြီးဟောင်း ကိုတက်ရိုးက သူ့သားကိုမှင် ပြောနေတာကို ဒေါသဖြစ်နေလို့လား ။စိတ်ပဲ မကောင်းလို့လား
မသိဘူး ။။ မျက်လုံးတွေကလည်း ပြူးလို့။။

`မမိုက်နဲ့ဆိုတာက အဖေ ကက်လဲဖြတ်တော့ ။အရက်လဲဖြတ်တော့။အသက်ကလဲ နထင်ဆောင့်နေပြီ´
ကိုတက်ရိုးက သူ့သားကိုမှင်ရဲ့ မင်္ဂလာစကားထဲမှာ ကက်တွေရော အရက်တွေရော။ မမိုက်နဲ့တော့ရော ပါလာတဲ့
အထိက ဘာမှမပြောသေးဘူး အသက်နထင်ဆောင့်နေပြီ ဆိုရော.............


`ဟေ့ကောင် ငမှင် ခွေးသား တော်တော့ကွာ ´ တဲ့။။

အော်လိုက်တာ မင်္ဂလာပွဲလာကြတဲ့လူတွေဆိုတာ အုံးခနဲ ထရယ်တာ ပတ်တုတ်ယူရတယ်။။




( ၄ )


အရင်မယားနှစ်ယောက် ယူခဲ့တုန်းက မယားတွေသာ သေခဲ့တဲ့ သူကြီးဟောင်း ကိုတက်ရိုး
မမြသင်နဲ့ညားလို့ ခြောက်လလောက်လည်း ကြာရော သည်တစ်ခါသေတာ သူကိုယ်တိုင်
ဖြစ်သွားတော့တယ်။။ အဲဒီတုန်းက မူလကိုယ်ခံစွမ်းအား လျော့နည်းကျဆင်းသည့်
ရောဂါဆိုတာလည်း မပေါ်သေးပဲနဲ့ သူကြီးဟောင်း ကိုတက်ရိုးကတော့ တပိန်ပိန် တလိန်လိန်နဲ့
လုံးပါးပါးပြီး သေသွားတာ ။။ ဘာရောဂါရယ်လို့ မည်မည်ရရလည်းမရှိဘူး။။


သူကြီးဟောင်းကိုတက်ရိုး ခုနှစ်ဆယ်ကျော်လို့ သေသွားတာက သတင်းမဟုတ်ပေမယ့်
ကျန်ရစ်တဲ့ မမြသင်ကတော့ ကိုယ်ဝန်နှစ်လ ကျန်ရစ်တယ်ဆိုတာကမှ သတင်းဖြစ်နေတော့
ရွာကလူတွေက ဟယ်.........ဟုတ်ပါ့မလားပေါ့ ။။ မဖြစ်နိုင်ပါဘူးပေါ့။။ သူကြီးဟောင်း
သေပြီးလို့ မကြာပါဘူး ။ မမြသင် ဗိုက်ကလေးစူလာတော့မှ လူတွေက ဟုတ်ပါ့တော်။ သူကြီးဟောင်း
ကိုတက်ရိုးတို့များ သေခါနီးတောင် ခုနှစ်ထွေကလေးနဲ့တဲ့ ။။



(ပြီးပါပြီ)

မြားနတ်မောင် မဂ္ဂဇင်း။
အတွဲ ၁ ။အမှတ် ၁။
၁၉၉၀ခုနှစ် ။ဧပြီလ




16 comments:

ခေါင်းစဉ်ဖတ်ပြီး လန့်လို့လစ်ပြီ..

ဒါပေသိ..“အေးအေး” ကို နှုတ်ဆက်သွားပါကြောင်း....

စားသောက်ဖွယ်ရာ များ လာငန်းပါဦးမည်..။

ပေါက်
အဲဒါကို ဗွီဒီယို ပြန်ရိုက်ထားတာလားမသိ ကြည့်ဖူးသလိုပဲ
သူကြီးနေရာမှာ ကျော်ဟိန်း
သားတွေက ဇာဂနာ၊ အရိုင်း ....
မင်းသမီးကတော့ ပန်းဖြူ
ဇာတ်ကားနာမည်တော့ မမှတ်မိတော့ဘူး

တင်ဇာ

ဒီဝတ္ထုဖတ်ပြီး ရုတ်တရက် မောင်ကောင်းထိုက် ဟာသတစ်ခု သွားသတိရမိတယ်။

အသက် ၈၀ အဖိုးကြီးက မိန်းမ ငယ်ငယ်ကလေး ယူပြီး ကိုယ်ဝန်ရှိလို့ ဆရာဝန်နဲ့ သွားတိုင်ပင်တယ်။ ဆရာဝန်က မဖြစ်နိုင်ဘူးလို့ ပြောတယ်။ အဖိုးကြီးက လက်မခံဘူး။ အဲဒါနဲ့ ဆရာဝန်က အဖိုးကြီးကို ပုံပြင် တစ်ပုဒ် ပြောပြတယ်။

မုဆိုးကြီး တစ်ယောက်ဟာ တစ်နေ့ တောထဲ သွားတဲ့ အချိန် သေနတ်နဲ့ ထီးကို လွဲပြီး ယူသွားမိတယ်။ အဲဒါကို သူသတိ မထားမိဘူး။ လမ်းကျမှ ဝက်ဝံကြီး တစ်ကောင်ကို တွေ့တာနဲ့ သေနတ်လို့ မှတ်ပြီး ထီးနဲ့ ချိန်ပြီး ပစ်လိုက်တယ်။ အဲဒီမှာ သေနတ်သံ ဒိုင်းကနဲ မည်ပြီး ဝက်ဝံကြီးက လဲကျသွားတယ်။

အဲဒီနေရာလဲ ရောက်ရော အဖိုးကြီးက “မဖြစ်နိုင်တာ တခြားတစ်ယောက် ဝင်ပစ်သွားတာ နေမှာပေါ့။” လို့ ပြောပါတယ်။ အဲဒီတော့မှ ဆရာဝန်က “အခု အဖြစ်ကလည်း အဲဒီလိုပါပဲ” လို့ ပြန်ပြောပါတယ်။

(ခုနှစ်ထွေကလေးနဲ့)
အဲဒါ ဘာလဲပေါက်။။

(((( အာ..ပါး ))))

နည်းနည်းနောနော ရတနာတွေပါလားဗျာ..
၁၄ ယောက် ခွဲ ကြီး များတောင်...
(ကမ္ဘာ့ စားနပ်ရိက္ခာ စီစစ်ရေး အဖွဲ့ရဲ့ တရားစွဲ ခံရကိန်း မြင်၏)


ကျွန်တော်တို့ “ဦးတက်ရိုး” လောက်တောင် နေရပါ့မလား ဗျာ.

မာမီ“ဘွိုဇ်” မြင်ရင်ပြောတော့မယ်.
“မဏ္ဍပ်” ပါ လေးပေါက်ရယ်.


နေဝင်းမြင့် က ရုပ်ကြီးသာ(ကျွန်တော့် လို)ဆိုးတာ အရေးအသား ကြိုက်တယ်ဗျ

အပင်ပန်းခံ ပြန်ရေးပြီး “ရှဲလ်” လို့ ကျေးဇူးပါ. လေးပေါက်. ဖတ်စရာ တစ်အိမ်တိုး ပါသည်။

မမလိုပဲ၊ နောက်ဆုံးကို နားမလည်လိုက်ဘူး

ငမှင် နေရာမှာ ဇာဂနာနဲ့ ဇာတ်ကား ကြည့်ဖူးတယ်။ မမြတင်က ပန်းဖြူ။ မတင်ဇာ ပြောသလိုပဲ။
ကျွဲပွဲဆိုတာလည်း ပြန်ဖတ်ချင်တယ်။ ရိုက်ပြီး တင်ပါလား။ ခင်ခင်ထူးရဲ့ ကြိုးတန်း ဖတ်ပြီးပလား။ (၀တ္တုတို)

စာစီထားတာ ဘယ်လိုကြီးလဲမသိဘူး။ အဖြတ်အတောက်တွေ ဖတ်လို့မကောင်းဘူး။ ပုဒ်ထီး နဲ့ ပုဒ်မကလည်း မှားနေတယ်။ စာစီတာ ပြောင်းတတ်တဲ့သူရှိရင် အကူအညီတောင်းကြည့်ပါလား။

ပေါက် အပင်ပန်းခံ ပြန်ရိုက်ပြီး ပြန်မျှတာ ကျေးဇူး..
သူကြီးကိုမှင် မင်္ဂလာစကားပြောတာ ရယ်ရတယ်..။

ခုနှစ်ထွေအကမှာ ဘီလူးကပါတာတော့သိတယ်..း)

ပေါက် အပင်ပန်းခံပြီး ပြန်ဝေမျှပေးတာ ကျေးဇူး...
basic နဲတယ်ပြောချင်ပြော "ခုနှစ်ထွေ"ကို တကယ် နားလည်ဘူး...

(မေ့လွယ်တဲ့ပေါက် ..နာမည်မချန်ခဲ့တော့ဘူး)
(စတာနော်...)

ညသန်းခေါင်ကျော်ကြီး အသံထွက်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်ရတယ်ပေါက်။
အဲ့လိုမရယ်ရတာ ကြာပြီမို့...ကျေးဇူး။
သူငယ်ချင်းအားလုံး ပျော်ရွှင်ပါစေ...

လေးပေါက် ရေ

ရယ်ချင်လို့ နောက်တစ်ခေါက် လာပြန်ဖတ်ပြီး

သူကြီး “ဦးတက်ရိုး” ကို နာမည်ပြောင်းပေးခဲ့မယ်

“ဦးမျိုးအောင်” လို့

ဟင်...
ပြန်လာတဲ့ထိလဲ ရှင်းမပြထားဘူး

ပေါက်ရေ......
ဝတ္တုကောင်း၊စာကောင်းလေး ဖတ်ခွင့်ရတဲ့ အတွက်
ကျေးဇူးပါ.....ပေါက်ရေ....။

အမျိုးရေ..
စိတ်ရှည်လက်ရှည် ပြန်ရိုက်ပြီး ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်တော်...
အလုပ်တွေပိနေလို့ အလာကျဲနေတာ...
ချန်းလေးရော နေကောင်းရဲ့လား.. ဟဲဟဲ

thanks for sharing and appreciate for your time to type such kind of good and long post