ထဘီဖာ လိုပါသေးရဲ့ ။တဘက်ဖာလိုပါသေးရဲ့။ဘီးနှင့်မှန် လိုပါသေးရဲ့

ထဘီဖာ လိုပါသေးရဲ့
တဘက်ဖာ လိုပါသေးရဲ့
ဘီးနှင့်မှန် လိုပါသေးရဲ့

နေ၀င်းမြင့်
(ဆယ့်နှစ်ကြိုး ၀တ္ထုတိုများ
၁၉၉၂ အမျိုးသားစာပေဆုရ)
(၁)

ရွာသူကြီးဟောင်း ကိုတက်ရိုးက ဖလံကျင်းသူ မမြသင်နဲ့ မင်္ဂလာဆောင်တော့မယ်ဆိုတာ
သက်ကယ်တန်း တစ်ရွာလုံးက ရယ်လိုက်ကြတာ အုန်းအုန်းထလို့ ။။ တချို့ကတော့လည်း မရယ်နိုင်
ကြဘူး ။။
ကိုယ့်ရွာသူကြီးဟောင်းကိုသိပေမယ့် ဖလံကျင်းသူ မမြသင်ကို တချို့က မမြင်ဖူးကြပဲကိုး ။။
သက်ကယ်တန်းနဲ့ ဖလံကျင်းသူဆိုတာ တစ်နယ်တော့ တစ်နယ်တည်းပဲ ။။ဒါပေမဲ့ နည်းနည်းတော့
လှမ်းတယ် ။။ နေ့ဝက်ခရီးလောက် သွားရတယ် ။။ မမြသင်က သက်ကယ်တန်းက အရီးပေါက်စတို့နဲ့
ဆွေရိပ်မျိုးရိပ် မကင်းတော့ သက်ကယ်ပျစ်ချိန်ဆိုရင် သက်ကယ်ပျစ်ဖို့ တစ်နှစ်တစ်ခေါက်
ရောက်လာတတ်တယ်။။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းကလေးနဲ့ ။။ရှိလှမှ အသက်က နှစ်ဆယ်ကျော်
ရင် တစ်နှစ်ပဲ ။။ ရွာက သူကြီးဟောင်းကိုတက်ရိုးကတော့ အသက်ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်သီသီ
ဝေ့နေပြီ ။။ ကညာပျိုနဲ့ ဇရာအိုရယ်လို့တောင် မဟုတ်တော့ပါဘူး။။ တချို့က မြေးအဘိုးတဲ့ ။။
တချို့က နှမြောလို့တဲ့ ။စုတ်တသပ်သပ်နဲ့ တချို့ကလည်း ဘ၀အကြောင်းကို တော်ရဲ့တဲ့။။
တချို့ယောင်္ကျားတွေကတော့ မိန်းမလေးနှယ် ကြိုက်စရာရှားလို့ကွာ....ချီးး ဆိုတဲ့ အာခံတွင်း
သံကြီးနဲ့ ။။

ဘာပဲဖြစ်ဖြစ်လေ ။ပဲနှမ်းလေးပေါ်တာနဲ့ မင်္ဂလာဆောင်တော့မယ်ဆိုတာကတော့ သေချာနေပြီ ။။
အရီးပေါက်စကပဲ ကမကထလုပ်ပြီး မကွေးဘက်တက် လက်ဖက်လေး ဆေးလေးဝယ်လို့ အိပ်ရာ
ခမ်းနားလေး ၀ယ်လို့ ။ မမြသင်ဖို့ အ၀တ်အစားလေး ဘာလေး ၀ယ်လို့ ။။ တတိတိနဲ့ လုပ်နေကြပတဲ့။။
မမြသငိဘက်က မိဘဆွေမျိုးများကလည်း သက်ကယ်တန်းကို လိုက်လာလိုက်တာ နှစ်ခေါက်တောင်
ရှိပတဲ့။။


(၂ )

သူကြီးဟောင်း ကိုတက်ရိုးလို့သာ ပြောရတာ ဘကြီးတက်ရိုး ။ ဒါမှမဟုတ် ဘိုးတက်ရိုးတောင်
ဖြစ်နေပါပြီ ။။ သျှောင်တစောင်းကလေးနဲ့ ပိတ်ဖြူလေး ကပိုကရိုရစ်ခွေပတ်ထားတတ်
တာလည်း ရှိရဲ့ ။။ ကြာဆံချောင်းတွေလို ဆံပင်ဖြူဖြူ ကျားကျားတွေက ပိတ်စခေါင်းပေါင်းပါဝါ
ကြားက ထွက်နေလိုက်တာ အမျှင်မျှင်ထလို့ ။။ သွားဆိုတာလည်း ဘယ်တုန်းကမှ တိုက်ခဲ့
ပုံမရဘူး ။။ နီညစ်ညစ်နဲ့ ။။ ကွမ်းသွားချေးတွေ တက်နေလိုက်တာလည်း ရွံစရာကြီး။။ သည်
ကြားထဲ သွားတွေက ကျိုးနေလိုက်သေးတယ် ။။စိုက်သွားလေးကူထားလို့ ပါးချိုး ပါးချောင်
တော့ သိပ်မကျလှသေးဘူး ။။ အသားကတော့ တောသူတောင်သားပီပီ ညိုတဲ့ဘက်ကျော်ပြီး မှောင်တဲ့
ဘက်ရောက်နေလို့ သူနဲ့ ရာထူးတူတဲ့ သူကြီးချင်းကတောင် သက်ကယ်တန်းသူကြီးက
နချီးပိုးထိုးတဲ့ ။။

သူ သူကြီးဘ၀တုန်းက ဘာအကြောင်းလဲ ။သူကြီးအာဏာ လက်တစ်ဆုပ်လောက်နဲ့ပေမယ့်
ရွာမှာတော့ ဖိန့်ဖိန့်တုန်ထဲကပဲ ။။ ရွာဘုရားပွဲတွေမှာ သူများ သူကြီးတွေလို နှစ်လုံးပြူးတွေ
ဘာတွေ ကိုင်မနေပါဘူး ။။ ၀ါးရင်းတုတ်ကြီးကြီး လက်တစ်ကိုင်လောက်ကို သူ့အရပ်နဲ့ တိုင်းဖြတ်
ပြီး ကိုင်ထားရုံပဲ ။။ သူ့နောက်က ရာအိမ်မှူး ငမှုံကို ခေါ်ခဲ့ပြီး ပွဲခင်းတစ်ခင်းလုံး လှည့်နေတော့တာ ။။


သက်ကယ်တန်းသူကြီး ကိုတက်ရိုးဆိုလို့ကတော့ မူးတဲ့လူတောင် အမူးပြေလောက်အောင်
ကြောက်တယ် ။။ မိုက်လို့ ဆိုးလို့များတော့ ရိုက်စရာရှိရင် ကျွဲရိုက်နွားရိုက်ပဲ။။ လူတိုင်းတော့
အကြောင်းမဲ့ ရိုက်နှက်နေတာမဟုတ်ပါဘူး။။ တော်တော်ဆိုးမှပါ ။။ သူပိုင်တဲ့လယ်တွေ ချောင်း
တွေ ဆိုလည်း မပြောနဲ့တော့ ။။ အနောက်ကွင်း နတ်ကွန်းစင်ဘက်ကနေ လက်ညှိုးသာထိုးလိုက်
မြစ်နားတန်း ညို့ညို့အထိက သူ့လယ်ချည်းပဲ ။။ မြေပဲခင်း ။နှမ်းခင်းဆိုတာတော့ မမြင်ချင့်
အဆုံး ။။

အရက်ကလေးကလည်း ကြိုက်တယ် ။ဒါကလည်း တမင်ကျင့်ထားရတာ ။။ဝန်ထောက်တို့ မြို့ပိုင်တို့
လာရင် ဒါမှ အဆင်ပြေတာကိုး။။ ကက်တော့ တော်တော်ဝါသနာကြီးတယ် ။။သူကြီးရင့်မကြီးလုပ်ပြီး
နေ့လယ်နေ့ခင်း ဈေးလယ်ကောင် ကက်သွားဆွဲချင်ဆွဲနေတတ်တာ ။ ၀ါးရင်းတုတ်ကြီး
ဆိုင်ဘေးထောင်ပြီး တစ်နေကုန် ထုံးခွေကြေး ကက်ဆွဲကြတော့ သူ့မျက်နှာ ထုံးတွေ အစင်းလိုက်ပဲ။။

သူများမျက်နှာတွေလည်း ထုံးတွေ အချောင်းလိုက်ပဲ။ ညနေ မိုးချုပ်ခါနီး ကက်ဝိုင်းပြီးလို့
ပြန်လာရင် မျက်နှာသစ်လာတာ မဟုတ်ဘူး။။ ထုံးကြောင်း အရစ်အရစ်တွေနဲ့ သည်အတိုင်း
အိမ်ကိုပြန်လာတာ ။။ အိမ်ရောက်တော့မှ မျက်နှာသစ်တယ် ။။(သူကြီးဆိုတော့လည်း မျက်နှာ
က ထုံးတွေနဲ့ ရယ်စရာကြီးဖြစ်နေပေမယ့် လမ်းတွေ့တဲ့လူကလည်း မရယ်ရဲဘူး။။)

`ကနေ့ အဖေချည်းရှုံးတာပဲ သမီးရေ´ ဆိုပြီး အိမ်ပေါ်တက်လာတော့ သမီးကြီး(တတိယသမီး)
တင်ဥက `အဖေကလဲတော် သူကြီးလုပ်နေပြီး မျက်နှာထုံးတွေနဲ့ မရှက်ဘူးလား´ လို့အမြဲပြော
တတ်တယ်။။
`ဟ....သူကြီး ဘာဖြစ်တုံး..သူကြီးလဲ လူပဲဟ´ ဆိုပြီး မျက်နှာသစ်တယ် ။။နောက်တစ်နေ့
နေ့လယ်ကက်ဝိုင်းသွားမြဲပါပဲ။။ တစ်ခါတလေ ကစားဖက်ကနိုင်လို့ သူကြီးမျက်နှာ ထုံးမခွေရဲဘူး
ဆိုရင်....
`ဟကောင် ခွေလကွာ..သူကြီးမို့ ထုံးမခွေဘူးဆိုရင် ဘယ်တရားပါ့မလဲကွ...ကက်ဆွဲရတာ
ဘယ်အရသာ ရှိတော့မှာလဲ...လုပ်ပါ ငါ့ကောင်ရ..ခွေပါ..´ လို့ပြောပြီး မျက်နှာထိုးပေး
တတ်တယ် ။။ တကယ်က ကိုတက်ရိုးက သူကြီးရိုးမဟုတ်ဘူး ။ပညာကတော့ အပြင်အောင်ခြင်း။
အတွင်းအောင်ခြင်းလောက်ပါပဲ ။။ သူ့အရင် သက်ကယ်တန်းသူကြီးက ကိုကံရင်တဲ့ ။။
အဲ့ဒီတုန်းက ကိုတက်ရိုးက သူကြီးရဲ့ ညာလက်ရုံး ။။သူကြီးကိုကံရင်မှာ သားမရှိဘူး။။
သမီးတွေချည်း မွေးထားတာ ။သူကြီးကိုကံရင် အသက်ကြီးတော့ သူ့သမီးတွေထဲက မကျင်လှ
ကို ကိုတက်ရီုးနဲ့ ပေးစားတယ် ။။ ဒါဘာပွဲတို့ မင်းပွဲတို့မှာ ကိုတက်ရိုးကို ပွဲထုတ်တယ် ။။
ကိုကံရင်သေတော့ သမက်ကိုတက်ရိုး သူကြီးဖြစ်လာတာပါပဲ ။။သူကြီးဖြစ်တဲ့နှစ်က ကိုတက်ရိုး
ပိုက်ဆံတော်တော်ကုန်တယ် ။။ မြို့ပိုင်တို့ နယ်ပိုင်တို့ ရွာကိုကြွတော်မူတယ်ဆိုရင် ကိုတက်ရိုးက
အရိုးခံမဟုတ်လား ။။ ဘာမှ မလုပ်တတ်ဘူး ။သူ့မိန်းမ မကျင်လှက သူကြီးသမီးဆိုတော့ ဘာလုပ်ရမလဲဆိုတာ
သိတယ်။။ ဒီလို ဒီလို လုပ်ပေါ့ ။ ဒီဟာ ဒီဟာ ကျွေးပေါ့ ။ ဒါလေး ဒါလေး ပေးပေါ့ဆိုတော့
သူကြီးပါးဝသွားတော့တယ်။။

မကျင်လှနဲ့က နှစ်အစိတ်လောက် ပေါင်းလိုက်ရတယ် ။။ မကျင်လှ မီးယပ်သွေးဆုံးနဲ့
သေတော့ ကိုတက်ရိုးက ငါးဆယ်ကျော်ရုံရှိသေးတယ်။။ အရွယ်ကောင်းတုန်း ။သားနှစ်ယောက်
သမီးသုံးယောက်ကျန်ရစ်တယ် ။။ ငတင် တဲ့ ။ ငမှင် တဲ့ ။ မတင်ဥ တဲ့။ မကျင်နု တဲ့။ မခင်ပု တဲ့။။

သားကြီးကိုတင်က ခေတ်ပညာတတ်တယ် ။မကွေးမှာ ကျောင်းထားတယ်။ သူကြီးလည်း
လုပ်ချင်ပုံမရတော့ သားလတ်ကိုမှင်ကို နားသွင်းရတယ် ။။သူကြီးလက်စွဲလေးဘာလေး
ဖတ်ခိုင်း ။ရပ်အမှု ရွာအမှုတွေ စစ်တော့ နားထောင်ခိုင်း ။သူကြီးအစည်းအဝေးလေး
ဘာလေး စာရင်းလုပ်ခိုင်း ။ကောက်ခိုင်းနဲ့ သူကြီး ထရိန်နင်ပေးလိုက်တာ ရွာက တော်ရုံကိစ္စ
ကိုမှင်နဲ့တင် ပြီးတယ် ။။


(ဆက်ရန်......
မျှော်.....)

(ဒီဝတ္ထုလေး ရယ်ရလွန်းလို့ တင်တာပါ..တင်ချင်နေတာကြာပြီ...စာရိုက်ပျင်းနေလို့
စကင်နာ(scanner) မမေးပါနဲ့ ။မရှိပါဘူး)



12 comments:

ညတွင်းချင်းဆက်ရိုက်ပါ။

ဖတ်တော့ ဖတ်ဖူးတယ်။ နေဝင်းမြင့်လား၊ နုနုရည်(အင်းဝ) လား။ စာရေးဆရာတော့ မမှတ်မိတော့ဘူး။

ရီရမယ်လို့ ထင်သားပဲ။ ပေါက်ရေးတာလားလို့။

ပေါက်ရေးတာမှတ်လို့၊

အရေးအသားကြိုက်တယ်၊ ဖတ်ရင်း စာမျက်နှာ ကုန်ခါနီးတော့ ညစ်သွားတာ.. မဆုံးသေးပဲနဲ့ကို၊ ရက်စက်လိုက်တာ၊ မနက်ဖြန်အပြီးတင်ပါ၊ လက်ညောင်းရင် scanner နဲ့ ဆွဲပါ

ဖတ်ကောင်းတယ် ပေါက်ရေ....။
ဖတ်ဖူးသလိုလိုဖြစ်နေတယ်...။ သိပ်တော့ မမှတ်မိ..။

at the top of the post, he already wrote the name of the author.
and still........
phew............

စာရေးဆရာအမည်ကို ဒီမနက်မှ ထည့်ဖြည့်လိုက်တာပါ။။
ကို ZT တို့ဖတ်တုန်းက မရှိသေးပါဘူး။။
ကျွန်တော့ရဲ့ ပေါ့လျှော့မှုကြောင့် အဆင်မပြေ
ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။။

ညကျမှ ဆက်ရိုက်ပါတော့မယ်။။

တို့လာဖတ်တော့ ပေါက်က ဆရာနေဝင်းမြင့်စာ ရိုက်တင်တယ်ဆိုတာ ရေးပြီးသားပါ....။
ဆရာ့စာကိုပဲ ဖတ်ဖူးတယ်လို့ပြောတာပါ...။
ပေါက်ရေးတယ်လို့ အထင်မှားဘာဝူး....။

ခုလိုလက်ညောင်းခံပြီး ပြန်ရိုက်တင်ပေးတာ ကျေးဇူးတင်ပါတယ်အေ...။
မြန်မြန်ပြီးအောင်ရိုက် ကြီးတော်....။

စကင်နာမရှိရင် အသံနေ အသံထားနဲ့ ဖတ်ပြပြီး အသံဖိုင်တင်ထား၊ ထူးအိမ်သင်တို့ ဟေမာနေဝင်းတို့လို
ဝတ္ထုဖတ်ပြ....။

တို့ အဖိုးကောင်စီဥက္ကဋ္ဌလည်း "အနောက်ကွင်း နတ်ကွန်းစင်ဘက်ကနေ လက်ညှိုးသာထိုးလိုက်
မြစ်နားတန်း ညို့ညို့အထိက သူ့လယ်ချည်းပဲ"

ကြုံတုန်းကြွားရတာ ပျော်လိုက်ထှာ...

ဖတ်ချင်နေတာနဲ့ အတော်ပဲ… ပေါက် အပင်ပန်းခံတင်ပေးတာ ကျေးဇူးနော်… ဆက်ရန်ကို မျှော်နေမယ်…

ကောင်းတယ်ပေါက်ရေ..ဖတ်လို့..
တို့လည်း သဘောကျတဲ့ စာတွေဆို တင်ချင်တာပဲ..အဟဲ..စာရိုက်ရမှာ ပျင်းတာရယ် အချိန်မပေးနိုင်တာရယ်ကြောင့်။.ဟိုတနေ့က မင်းလူရဲ့ ခိုးခိုးခစ်ခစ်ဖတ်ပြီး ရီလိုက်ရတာ တအား..ဖတ်ပြီးပြီလား။ နောက်ပြီး ယူရိုတူးသောင်ဇင်လည်း ရီရတယ်.။

ညကျ လာဖတ်ဦးမယ်..:)

scanner မရှိရင် ဖုန်းကင်မရာနဲ့ ရိုက်ပါ၊ မြင်ရတယ်၊ အရင်က စာတွေ ဒီလိုပဲ ပို့တာ .. ဟိ