ရပ်ဆွေရပ်မျိုး

ရပ်ဆွေရပ်မျိုး




ကျွန်တော်တို့မိဘနှစ်ပါးမှာ ညီအစ်ကိုမောင်နှမ အရင်းအခြာရယ်လို့ မရှိပါဘူး။။
အမေ့ကို တခြားမြို့မှာမွေးခဲ့တယ်ဆိုပေမယ့် နှစ်နှစ် သုံးနှစ်သမီးလောက်ကတည်းက
အခုနေတဲ့မြို့ကိုပြောင်းနေတဲ့သူပါ။။ ဆိုတော့ အမေကဒီမြို့သူစစ်စစ်လို့ ပြောလို့ရပါတယ်။။
အဖေကတော့ ရှမ်းပြည်ထဲမှာပဲမွေးပြီး ရှမ်းပြည်မှာပဲကြီးခဲ့တာပါ။။ အမေနဲ့ယူမှ အခုနေတဲ့
မြို့မှာနေပြီး မြို့လေးမှာပဲ ခေါင်းချသွားရတာပါ။။ (အခုနေတာက ရှမ်းပြည်နယ်စပ်ပေါ့)

အမေ့မှာ ညီအမလောက် ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။။ ကျွန်တော်တို့ငယ်တုန်းက
အဲဒီအန်တီကို ကျွန်တော်တို့ဘာသာစကားနဲ့ ကြီးတော်လို့ ခေါ်ရပါတယ်။။ ငယ်တုန်းကတော့
စိတ်ထဲမှာ ကိုယ့်ရဲ့ ကြီးတော်အရင်းပဲမှတ်နေမိတာပေါ့။။ သိတတ်တဲ့အရွယ်ရောက်မှ အမေ့ရဲ့
အစ်မတစ်ယောက်လိုခင်ရတဲ့ သူငယ်ချင်းမှန်းသိလိုက်ရပါတယ်။။ ဒီလိုသိလိုက်ရပေမယ့်လည်း
သူ့ကို အရင်အတိုင်း ကြီးတော်လို့ ခေါ် မြဲ။။ အခုတော့ အန်တီမိုး( ခေါ်) ကြီးတော်လည်း
လူ့လောကမှာ မရှိတော့ပါဘူး။။

ကျွန်တော်တို့ငယ်တုန်းက ရပ်ကွက်တစ်ခုထဲမှာနေရပါတယ်။။ လမ်းထိပ်မှာ အမေ့ငယ်သူငယ်ချင်း
မနွဲ့နေပါတယ်။။ မမနွဲ့( ကျွန်တော်တို့အခေါ် ညန်းညန်း= အန်တီ) အမေကို ကျွန်တော့်အမေက
မေမေဆင့်လို့ ခေါ်ပါတယ် ။။ သူ့အဖေကို ဖေဖေသန်းတဲ့။။ ကျွန်တော့်အမေခေါ်သလို ကျွန်တော်
တို့လည်း မေမေဆင့် ဖေဖေသန်းလို့ လိုက်ခေါ်ကြပါတယ်။။ သူတို့က မြန်မာ ဗုဒ္ဓဘာသာပါ။။
ဖေဖေသန်းက ဘာသာခြား။ လူမျိုးခြား။။ ဒါပေမယ့် ဖေဖေသန်းက မေမေဆင့်ဖက်လိုက်ပါတယ်။။
အခုတော့ မေမေဆင့်ရော ဖေဖေသန်းပါ မရှိတော့ပါဘူး။။ ဖေဖေသန်းက မနှစ်ကမှဆုံးသွားရရှာတာ။။
ကျွန်တော် မြန်မာပြန်တိုင်း ဖေဖေသန်းကို သွားတွေ့ဖြစ်ပါတယ်။။

ကျွန်တော် ၃~~၄တန်းလောက်ကျတော့ အခုနေတဲ့ လမ်းမတန်းကိုပြောင်းလာကြပါတယ်။။
ပြောင်းလာပေမယ့်လည်း ကျွန်တော်တို့ အရင်ရပ်ကွက်ဟောင်းကို သွားလည်မြဲ။ ကစားမြဲ။
လမ်းထဲကလူတွေကတော့ပြောကြပါတယ် ´`အမီးသုတ် က အမျိုးတွေမမေ့ဘူး´´တဲ့။။
(ဘာကြောင့်မှန်းတော့ မသိ။ အဲဒီလမ်းထဲက ရပ်ဆွေရပ်မျိုးတစ်ချို့က ကျွန်တော့်ကို
အမီးသုတ် လို့ခေါ်ကြတယ်။။ ကျွန်တော်ထင်ပါတယ် ၀တုတ်လွန်းတော့ မီးမီးတုတ်ကနေ
အမီးသုတ် လို့ခေါ်ဖြစ်သွားကြတာလား မသိနော်။။ဟီ)

အခုနေတဲ့လမ်းမတန်းကိုရောက်တော့ အိမ်ရှေ့မှာဆိုင်ဖွင့်တဲ့ ဦးစိန်နဲ့ အန်တီမား တို့အိမ်ကို
ချောင်းပေါက်မတတ် သွားကြပါတယ်။။ သူတို့က ကွမ်တုန်လူမျိုး ခရစ်ယာန်ဘာသာဝင်တွေ။။
အန်တီမားတို့ကြောင့် ခရစ်မတ်စ်အကြိုညဆို စိန်မေရီဘုရားကျောင်း လိုက်လိုက်သွားတတ်တာ။။
နယူးယားဆိုရင် ကန်တော်ကြီးသွားလည်ကြတတ်တာ။။ အန်တီမားနာမကျန်းဖြစ်တော့ အိမ်က
အငယ်မ လိုက်ပြုစုရတာပေါ့ ။ အန်တီမားဆုံးတာ ၈လလောက်ရှိပြီ။။ သူ့အချစ်ဆုံး အငယ်မက
ဟိုးအဝေးကြီးမှာ။။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီပြန်တုန်းက အန်တီမားကိုတွေ့တာ နောက်ဆုံးပဲ။။
ကိုယ်တို့ပြန်ရောက်ပြီး ၁လလောက်နေတော့ ဆုံးရှာတာပဲ။။


အိမ်ဘေးမှာ အဖေကြီးတို့ဆိုင်ရှိပါတယ်။။
အဖေကြီးတို့က မြန်မာ။ဗုဒ္ဓဘာသာဝင်တွေ ။ ကိုယ်နိုင်ငံခြားထွက်တော့ အဖေကြီးက လိမ်လိမ်မာမာ
နေဖို့ပြောပါတယ်။။ကိုယ်ကလည်း အဖေကြီးကို အိမ်ကိုကြည့်ပေးဖို့ ။အပြန်အလှန်မှာ ကြပါတယ်။။
အိမ်ကိုဖုန်းဆက်လို့ အဖေကြီးရောက်နေတာနဲ့ကြုံရင် အဖေကြီးက ´´ အငယ်မ အဆင်ပြေရဲ့လား
ပေါက် ။ အကြီးကောင်နဲ့ ဖုန်းဆက်ဖြစ်ရဲ့လား .....´´(အငယ်မဆိုတာ ကိုယ့်ညီမအငယ်ဆုံး အကြီးကောင်ဆိုတာက မောင်အကြီးတစ်ယောက်ကိုပြောတာ) လို့ မေးရှာပါတယ်။။ ဘာလိုလိုနဲ့
အမေကြီးဆုံးတာ နှစ်နှစ်ရှိသွားပြီ ။။

နောက်တစ်အိမ်က ဘဘကြီး နဲ့ ဖွားတုပ် တို့အိမ်။ သူတို့က ကိုယ့်ငယ်သူငယ်ချင်းရဲ့ အဖိုးနဲ့အဖွား။။
နောက် ဖွားတုပ်ညီမ ဖွားကြည်။ သူတို့လည်း ကျွန်တော်တို့ရဲ့ ရပ်ဆွေရပ်မျိုးတွေပေါ့။။

မမထွေးလို့ခေါ်တဲ့ အန်တီထွေးက အမျိုးအရင်းတွေထက် ရင်းတဲ့ အမားသူငယ်ချင်း။။
မြန်မာ။ဗုဒ္ဓဘာသာ ။ရွှေဘိုအဆက်တွေလို့ ပြောတာပဲ။ အလုပ်အရမ်းကြိုးစားသူ။
စကားပြောကြမ်းသူ။ ကျွန်တော်တို့မိသားစုအပေါ် စိတ်ရင်းကောင်းသူ။ မှတ်မိပါသေးတယ်။
ဟိုးအရင်က ကျွန်တော်တို့ငှားနေတဲ့ အိမ်လေးကို အိမ်ရှင်က သူများကိုရောင်းမယ်လို့ကြားတာနဲ့
ဦးလေးသိန်း( အန်တီထွေးယောင်္ကျား) ကြိမ်ခြင်းတောင်းနဲ့ အိမ်ဝယ်ဖို့ငွေ ပို့ခိုင်းလိုက်တာ။။
အဲဒီတုန်းက အိမ်မ၀ယ်ဖြစ်လိုက်ပါဘူး။။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ အခုထိ အဲဒိမြင်ကွင်းလေး
ရှိနေတုန်းပါပဲ။။ အခုထိလည်း အန်တီထွေးတို့နဲ့ နှစ်အိမ့် တအိမ် နေနေတုန်းပါပဲ။။


အိမ်ကိုဖုန်းဆက်တိုင်း ´´မားရေ နေကောင်းလား...ဦးစိန်ဘယ်လိုနေသေးလဲ...သွားမကြည့်ဘူးလား
...အဖေကြီးရော နေကောင်းရဲ့လား...ဖွားကြည်တို့ ရောကောင်းကြလား........
....................လား
......................လား´´


အခုနေတဲ့မြို့လေးမှာ ကျွန်တော်တို့ရဲ့ဆွေမျိုးအရင်းအခြာ မရှိပါဘူး။။
ရပ်ဆွေရပ်မျိုးကတော့ ပေါမှပေါပဲ။။


မှတ်ချက်။။။နောက်ထပ် ရပ်ဆွေရပ်မျိုးတွေကျန်ပါသေးတယ်..(ရင်ထဲမှာ အမြဲရှိတယ်)
နိနိက သူတို့လမ်းလေးအကြောင်းရေးတော့ ကိုယ်ကလည်း အမျိုးတွေသတိရသွားတယ်။။




12 comments:

ပေါက်ကြီး အမီးသုတ် ဆိုတာ အမီးတုတ် ကနေလာတာဖြစ်ဖို့ များတယ်နော် စကား နိးစပ်လို့ပါ ဒီတခါပြန်ရင် မှာချင်တာ မှာလိုက်ကွာ .

ပေါက်ရေ ရပ်ဆွေရပ်မျိုးတွေက အများကြီးပါ့လား။ ပျော်စရာကောင်းတယ်နော်။ ဆွေမျိုးအရင်းမရှိတဲ့နေရာမှာ ရပ်ဆွေရပ်မျိုးကလည်း ခင်စရာ တွယ်တာစရာပေါ့နော်။

ခင်ရာ ဆွေမျိုး တဲ့။ အဲဒါ အမှန်ပဲ။
အခုလို သူများနိုင်ငံမှာ နေရတော့လဲ ခင်ရာ ဆွေမျိုးတွေ တပုံကြီးရလာတယ်။
ရှေးဘ၀က မောင်နှမတွေ ထင်ပါရဲ့။

မပေါက်....
မမိုးချိုပြောတဲ့ရှေးဘ၀ကိုတော့ လက်ခံတယ်ဗျ...
ရပ်ဆွေ ရပ်မျိုးတွေ မဟုတ်ဘဲ....
တွေ့ ကြဆုံကြခင်ကြတာ...
အံ့သြတယ်...( ဆုတ်ကပ်ဆိုတော့လဲ မောင်နှမဟောင်းတွေ မြန်မြန်ဆုံရအောင် ဘလော့ဂ်တွေ ပေါ်လာရတာ လို့ ထင်နေတာဗျ)
ခုလဲ ဆွေမျိုးတွေ အနေနဲ့ လင့်ခ် ထားတာနော်...။

ဟုတ်တယ်နော်.
ခင်ရာဆွေမျိုးပဲ..
မြန်မာမှ မဟုတ်ပါဘူး လူမျိုးခြားလဲ
ခင်မိတာပဲဟာ..။

ကဖြိုး..
နင့်ကိုဖမ်းလို့ကိုမမိဘူး..
ဘယာကြော်..ပြောပြဦးလေဟာ..
နိနိ..မချိုသင်း..ကိုသစ်နက်ဆူး..မြတ်နိုး
တို့လည်း...ပေါက်တို့ရဲ့ ရပ်ဆွေရပ်မျိုးတွေပါပဲ
နုတို့...မမကေအိုအမ်တို့ မတန်ခူးတို့..မွန်...နိုင်း
ကူးကူး..မိဇင်..နောက်အများကြီးပါပဲ...
ကျွန်တော့်ရဲ့ ဘလော့ဆွေ ဘလော့မျိုးတွေ...
ထက်တို့...ဒေးတို့က ညီမငေးတွေ..

ညီမ ဘယ်နှယောက်များရှိလို့တုန်း။ အငယ်မတဲ့။

မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးတဲ့ပေါက်ရေ...
း)

စာလာဖတ်ပါတယ်

အမီးသုတ်… ဒီနာမည်လေးတော့ ကြိုက်သွားပြီ… ဒီလိုပဲခေါ်တော့မယ်… စတာပါ…
ပေါက်တို့ က ကိုယ့်ကို တကယ့်ဆွေရင်းမျိုးရင်းလို ချစ်တဲ့ ရပ်ဆွေရပ်မျိုးတွေရတာ ကံကောင်းတာပေါ့…
ခုလို သူများနိုင်ငံ သူစိမ်းတွေကြားထဲမှာ ဘလော့ဂ်ဆွေ ဘလော့ဂ်မျိုးတွေရတာ သိပ်ကြည်နူးစရာပါ…
တို့ က ပေါက်ရဲ့ ဘလော့အမပေါ့… နော..အမီးသုတ်လေးရေ…

ပဲ ဆိုသူသို့..
အရင်က ညီမတစ်ယောက်ရှိခဲ့ဖူးပါတယ်..
အခုတော့..မောင်၂ယောက်ပဲရှိတော့ပါတယ်..
ဆိုတော့..ကျနော်တို့မောင်နှမ၃ယောက်ပဲရှိတော့ပါတယ်
ကိုနိရေ..
ခင်လည်းခင်တယ်..မြိန်လည်းမြိန်လည်းမြိန်တယ်
မတန်ခူးရေ..
အမီးသုတ်လို့ခေါ်လည်းရတာပဲ..
ပိုတောင်နွေးထွေးသွားသေးတယ်...

မားပေါက်ကို ဒီဘက်ထဲလာလာချောင်းရတာအမော :D